Hard Drive တွေကို အလွယ်တကူ မပျက်စီးစေဖို့





  Hard drive ပျက်စီးခြင်းမှ
Hardware တွေရဲ့ ဈေးနှုန်းက ဒီဆယ်စုနှစ်ထဲမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ချင် ပျက်ပါစေလို့ဆိုပြီး ပစ်စလက်ခတ်ထားကြမှာတော့ မဟုတ်ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုး မထားတတ်ကြပါဘူး။
အချက်အလက်ဟာ နည်းပညာလောကသားတွေအတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အလက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့ ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။ အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

၁။ chkdsk ကို run ပေးပါ။
Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။

၂။ Hard drive ကို စောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။
Hard drive ကို စောင့်ကြည့်လေ့လာပေးတဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။

၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။
OS တင်ထားတဲ့နေရာနဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထား သင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။

၄။ ကွန်ပျူတာသုံးနေတဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ။
ကွန်ပျူတာကိုထားတဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန် သိပ်များတာ အစရှိတဲ့ အကြောင်းအရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့။
ကွန်ပျူတာကို မီတာနဲ့ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူစေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင်လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။

၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။
Drive တွေကို သုံးစွဲတာကြာလာတဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။

၇။ Solid state drive ကို ပိုသုံးပါ။
Hard drive တွေက solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။

၈။ Power save နည်းပညာကို သုံးပါ။
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။

၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။
Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။

၁၀။ Back up ပုံမှန်လုပ်ပါ။
ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်။




Credit: မြန်မာမိသားစုဖိုရမ်

Post a Comment

Previous Post Next Post

လတ်တလော အဖတ်များဆုံး စာမျက်နှာများ